Essay

အသားကျသွားသော အမှောင်- ရာမညမြေက အံစာတုံးသံများ

စည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့...။
By  ကွန်းဗလိုင်  | November 21, 2025

ဘွဲ့ရပြီး အစိုးရဝန်ထမ်းလုပ်ခါမှ အာဏာသိမ်းတာနဲ့ကြုံပြီး CDM လုပ်ခဲ့တဲ့ ကျနော်ဟာ ဇာတိမြေ မွန်ပြည်နယ်ကနေ ထိုင်း-မြန်မာနယ်စပ်မြို့လေးကို ရောက်နေခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။ အစပိုင်းမှာ ရရာအလုပ်လုပ်ရင်းကနေ အခုတော့ စက်ရုံမှာ အချိန်ပြည့် အလုပ်သမားတဦး ဖြစ်နေပါပြီ။ နယ်စပ်မှာ ဘေးကင်းကင်းနေရပေမဲ့ CDM သမားမို့ အိမ်မပြန်ရဲခဲ့တာ နှစ်တွေချီခဲ့ပြီ။ အမေ့လက်ရာ အိမ်ထမင်းဟင်းနဲ့ အဖေစိုက်တဲ့ ပန်းပင်တွေကို လွမ်းလွန်းလို့ အိမ်ကို အပြေးပြန်ချင်နေပေမဲ့ ကိုယ်ထွက်လာပြီးနောက်ပိုင်းမှာပဲ စစ်မှုထမ်းခေါ်တာတွေနဲ့ လမ်းမှာ စစ်ဆေးရေးဂိတ်တွေကလည်းများလို့ ပြန်ဖို့ စိတ်မချရပြန်ဘူး။ 

အခုနောက်ပိုင်းကျတော့ ကျနော်တို့ မြို့ဘက်မှာ စစ်မှုထမ်းတာတွေက စိတ်မပူရတော့ဘူးတဲ့။ ရပ်ကွက်လူကြီး ကောင်းမှုပဲ ပြောရမလား၊ ကျနော်တို့ ရပ်ကွက်မှာ စစ်မှုထမ်းဖို့ ဘယ်သူမှ စာရင်းမပါဘူးလေ။ ရပ်ကွက်က ပိုက်ဆံစုထည့်ကြပြီး အစားထိုးလွှတ်ကြတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့လည်း အပေးအယူတည့်ကြတယ် ဆိုတယ်။ သိုသိုသိပ်သိပ် နေတတ်ရင် ဘေးကင်းတာပေါ့။ ဘေးကင်းဆို ကျနော်တို့ မြို့မှာက လက်နက်ကိုင်ပဋိပက္ခမှ မရှိဘဲ။ တခြားဒေသကသူတွေတောင် စစ်ရှောင်လာနေကြတာ။ လူတွေလည်း စည်ကား၊ ပျော်ပွဲရွှင်ပွဲတွေဆိုတာလည်း သိုက်သိုက်မြိုက်မြိုက်ပါပဲ။ ငယ်ဘဝတုန်းကဆို ဘာပြောကောင်းလဲ။ အခုလို တန်ဆောင်တိုင်ပွဲတော်ကာလဆို ရပ်ကွက်အသီးသီးက ဘုရားပွဲတွေ၊ စတုဒီသာတွေဆိုတာ တိုးလို့တောင် မပေါက်ပါဘူး။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

လေးနှစ်လောက် အိမ်နဲ့ဝေးရာကနေ ဒီနှစ်တန်ဆောင်တိုင်တော့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကံကောင်းချင်တော့ အိမ်တန်းလျားနားက ဦးပဉ္စင်းတပါး ရန်ကုန်ကြွမလို့ လမ်းကြုံလိုက်ဖို့ အခွင့်အရေး ရခဲ့တယ်။ ဘုန်းကြီးကားဆိုရင် စစ်ဆေးရေးသက်သာမယ်ဆိုပြီး ကပ္ပိယအယောင်ဆောင်လို့ လိုက်ပါခဲ့ရတယ်။ လမ်းတလျှောက်မှာ စစ်ကောင်စီဂိတ်၊ ကရင်ဂိတ်၊ မွန်ဂိတ်တွေဆိုတာလည်း များသလား မပြောနဲ့။ အဖွဲ့ပေါင်းစုံရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖြတ်တိုင်း ဘာဆက်ဖြစ်မလဲမသိတဲ့ စိုးရိမ်စိတ်နဲ့ ဘုရားစာတွေကို စိတ်ထဲကမပြတ်ရွတ်ရင်း ဇောချွေးတွေနဲ့ လိုက်လာခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ ကားပေါ်ကဘုန်းကြီးကိုတွေ့တိုင်း ဂိတ်တွေက မရစ်ဘဲ ရှောရှောရှူရှူ ဖြတ်သန်းခွင့်ပေးလို့ နောက်ဆုံးမှာတော့ ကျနော့်ရဲ့ ဇာတိမြို့အဝင်ကို စိတ်သက်သက်သာသာနဲ့ ရောက်ရှိခဲ့ပါတော့တယ်။

ဇာတိမြို့ကို ပြန်ရောက်လိုက်တဲ့ ခံစားချက်ကဗျာ.. ငိုချင်သလို၊ ရယ်ချင်သလိုနဲ့။ အရင်လိုပဲ ဘုရားဟောင်းဟောင်း၊ ကျောင်းဟောင်းဟောင်းလေးတွေနဲ့ မြို့လေးက အေးချမ်းနေတယ်။ ဟော… ရှေ့မှာပဲ ဘုရားပွဲတခုကို ခင်းကျင်းနေတဲ့ ပွဲတော်နေရာတွေကိုလည်း တွေ့နေရပြီ။ အိမ်မှာ အဝနားပြီးမှပဲ ညနေကျမှ ဘုရားပွဲမှာ ဒေသစာတွေကို တဝပတ်စားတော့မယ်လို့ တွေးရင်း အိမ်ပြန်ရောက်ခဲ့တော့တယ်။

အခုလို မိုးစဲလို့ တန်ဆောင်တိုင်ပွဲတော်ရာသီရောက်ပြီဆိုရင် မြန်မာပြည်အနှံ့မှာလိုပဲ ကျနော်တို့ မွန်ပြည်နယ်ဘက်မှာဆို ပွဲတော်တွေက ပိုပြီးစည်ကားသိုက်မြိုက်လေ့ရှိပါတယ်။ အခုလည်း အိမ်ပြန်ခဲ့တဲ့လမ်းတလျှောက်မှာ ဘုရားပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ နေရာတွေက စည်ကားနေပါရော။ အိမ်မှာ မိဘတွေနဲ့ အေးဆေးနားပြီးတဲ့နောက် အဖေအမေနဲ့အတူ ဘုရားပွဲစျေးတန်းကို လျှောက်လာခဲ့တယ်။

အရင်ကဆို ဒီလမ်းမတလျှောက်လုံး ကလေးတွေရဲ့ ရယ်သံ၊ သီချင်းသံတွေနဲ့ ပြည့်နေတတ်တာ။ ရဟတ်ကစားကွင်းမှာ ကလေးတသိုက်က အသည်းအသန် အော်ဟစ်ပျော်မွေ့ကြတယ်။ အရောင်စုံမီးပုံးလေးတွေက လေထဲမှာ တလွင့်လွင့်။ လူတွေကလည်း စားသောက်ဆိုင်တန်းက စားစရာအစုံကို အတူလာတဲ့သူတွေနဲ့ တိုးကြိတ်ပြီး စားသောက်ကြလေ့ရှိတယ်။ ဒါပေမဲ့ ဒီညနေခင်းမှာ ပွဲစျေးတန်းကိုရောက်တော့ လေထုက အရင်နဲ့မတူဘဲ ပြောင်းလဲသွားတယ်။ ရယ်သံတွေအစား ဆူညံတဲ့၊ တင်းမာတဲ့ အော်ဟစ်သံတွေက ကြီးစိုးလာတယ်။

“သုံးလုံးပူး..ငါးထောင်၊ ရှစ်ထောင်ရမယ်….” “ဒီတခေါက်တော့ သေချာပေါက်လာမယ်….”

ပွဲစျေးတန်းတလျှောက် နေရာလွတ်လေးတွေမှာ ဖျာတွေခင်း၊ ခုံတွေချထားတဲ့ လောင်းကစားဝိုင်းတွေက အပြိုင်အဆိုင် ပေါ်ပေါက်နေတယ်။ အဲဒီဝိုင်းတွေက အရင်ကလို လူမြင်ကွင်းရှောင်ပြီး ခပ်ဝေးဝေးမှာ ရှိနေတာ မဟုတ်ဘူး။ ကလေးကစားကွင်းနဲ့ မျက်နှာချင်းဆိုင်၊ အစားအသောက်တန်းရဲ့ ဘေးမှာ၊ မြို့လယ်ခေါင် မီးထွန်းထားတဲ့ နေရာမှာကိုပဲ မှိုလိုပေါက်နေတဲ့ အန်ဂလုံဝိုင်းတွေ၊ အနီထောင်ဝိုင်းတွေပါ။ သူတို့အတွက်ကတော့ ဒီဘုရားပွဲက ‘လူကြီးကစားကွင်း’ဖြစ်နေတာ။

လောင်းကစားဝိုင်းဘေးမှာ ထိုင်နေတဲ့ လူတယောက်ကို ကျနော် သတိထားမိတယ်။ သူ့မျက်လုံးတွေက ရဲရဲတောက်နေတဲ့ လောင်းကစားဝိုင်းမီးရောင်အောက်မှာ မှုန်ကုပ်နေတယ်။ စားပွဲပေါ်မှာတော့ ငွေစက္ကူတွေ ပြန့်ကျဲနေပြီး၊ သူ့လက်ထဲက ပိုက်ဆံအိတ်ဟာ ပိုပြီးပေါ့ပါးလာနေတယ်။ ရှေ့မှာချထားတဲ့ ဒိုင်က ပြုံးစိစိနဲ့ သူ့အလောင်းအစားကို စောင့်နေတယ်။

အဲဒီလိုမြင်ကွင်းတွေဟာ ဒီမြို့မှာ ပုံမှန်လို ဖြစ်လာနေပါပြီ။ ဘယ်သူကမှလည်း မျက်စိစောင်းပြီး မကြည့်တော့ဘူး။ ရပ်ကွက်လူကြီးတွေက တခြားကို လှည့်နေကြသလို၊ မြို့ခံလူအများစုကလည်း ‘ဒါဟာ ပွဲတော်ရဲ့ အစိတ်အပိုင်းတခုပဲ’လို့ သဘောထားလာကြတယ်။ လောင်းကစားကို အထူးအဆန်းမဟုတ်တော့တဲ့ ဓလေ့တခုဟာ ကျနော်တို့ မွန်ပြည်နယ်ရဲ့ ရာမညမြေပေါ်မှာ အမြစ်တွယ်နေပြီ။

မိုးကုန်လို့ ဘုရားပွဲစတိုင်း ပျော်ရွှင်စရာတွေ၊ ယဉ်ကျေးမှုဓလေ့တွေနဲ့ ပြည့်နှက်နေရမဲ့အစား တကွက်ကောင်းကို လိုချင်တဲ့ စိတ်တွေနဲ့ ဖုံးလွှမ်းနေတော့မှာလား။ စစ်မှန်တဲ့ ရာမညရဲ့ အလှတရားက ဒီလောင်းကစားဝိုင်းတွေရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားရတော့မှာလား။ ဒါတွေက ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ဘယ်သူကမှ အရေးတယူ မပြုကြတော့ဘူးလား။

ဒီလိုစည်ကားလှတဲ့ ဘုရားပွဲတော်တွေရဲ့ အလယ်မှာ အရင်က သိုသိုသိပ်သိပ်ရှိခဲ့တဲ့ အရာတခုက ဒီကနေ့မှာတော့ ပိုပြီးထင်သာမြင်သာနေသလို လူတွေကလည်း အသားကျနေကြတာကို မြင်ရတာ အတော်အံ့သြခဲ့ရပါတယ်။ အဖေကတောင် ပြောသေးတယ် “သားငယ်လေး၊ တပွဲလောက် ဆော့ချင်လား” တဲ့…။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles